လေယာဥ်ပျံထဲကို ငါဝင်တော့ လေယာဥ်ပျံထဲမှာ ငါလည်း ရှိမနေဘူး
စက်ရုပ်တွေက ငါ့ကို သတ်ကြတယ်
အပျော်ဖတ် ဝတ္ထုတွေထဲမှာ ငါ့နာမည်ပါလာတယ်
အတိုင်ပင်ခံအမတ်ကြီးက ငါ့အဖေဖြစ်နေတယ်
ကြောင်တွေရဲ့ အော်သံကို ငါ့ခေါင်းက ဘယ်လိုမှ မခံနိုင်ဘူး
အရှေ့အနောက် တောင်မြောက်ကို ငါ့ခေါင်းထဲမှာ ပြေးလွှားနေတယ်
စိတ်ငြိမ်ရာကို ရှာပေမဲ့ ငါဟာ ကွမ်းတံတွေးတွေပဲ ထွေးနေမိတယ်
အဖြစ်အပျက်တိုင်းဟာ ရာသက်ပန် မှန်ကန်မှု မရှိဘူး
ငှက်ကြီးဝန်ဘိုဟာ တိရိစ္ဆာန်ဥယျာဥ်ထဲက ပျံထွက်သွားတယ်
ငါဟာ ကျန်ကျောင်း သိုင်းကားကို မကြည့်ဖြစ်တော့ဘူး
အပတ်တကုတ်ကြိုးစားပြီးတည်ဆောက်ပေမဲ့ တရားဘာဝနာတွေက ငါ့ဆီကို ရောက်မလာဘူး
ရေကန်ထဲမှာ ငါးတွေလည်း မရှိတော့ဘူး
ဆောင်းရာသီလည်း ပြီးသွားပြီ
ကြောင်အော်သံတွေကို ငါကြားတယ်
ငါ ကြောင်တွေရဲ့ မြို့တော်ထဲကို ရောက်နေတယ်
လေယာဥ်ပျံတွေ မရှိတော့ဘူးလို့ ငါ့စိတ်ထဲမှာ ထင်နေတယ်
ငါ့မှာ လေယာဥ်ပျံတွေကို စွဲလန်းတဲ့ ရောဂါဝေဒနာရှိတယ်
အပျော်ဖတ် ဝတ္ထုတွေထဲမှာ ငါ့နာမည် ပါလာပြန်တယ်
အဖြစ်အပျက်ထဲမှာ ငါပိတ်မိသွားတယ်
မှန်တွေကို ငါဝင်တိုက်တယ်
ဘီယာခွက်တွေကို တိုက်ချလိုက်တယ်
အေးစက်စက်အခန်းကြီးတစ်ခုထဲကို ရောက်သွားတယ်
ငါ့ကို ပိုက်ဆံတွေက ဝိုင်းလာကြတယ်
လေယာဥ်ပျံတွေ ငါ့ကို လာကယ်ပါ
အသက်ရှူသံတွေ မမှန်တော့ဘူး
စွပ်ကျယ်တွေ ပြဲထွက်ကုန်တယ်
ရုတ်တရက် တော်လဲသံတွေကြားရတယ်
ခွေးတွေ အူတယ်
အပေါ်ရံဆန်တဲ့ ယားရံမှုတွေကို ခံစားရတယ်
မျက်နှာ သုတ်ပဝါထဲမှာ ဂျပိုးတွေ ပါလာတယ်
လေထဲမှာ ကံ့ကော်ပန်းရနံ့တွေ
ဒီဖြစ်စဥ်ကို ငါ ရေမွှေးတစ်ခုအဖြစ် ထုတ်လုပ်လိုက်တယ်
ငါ့ရဲ့ သိစိတ်က မြန်လွန်းအားကြီးတဲ့အတွက်ကြောင့် ကျဥ်ဆံတွေတောင် မလိုက်နိုင်ဘူး
ငါဟာ ပြတင်းပေါက်ကကြည့်ပြီး ကမ္ဘာကြီးကို ရှာတွေ့တယ်
ဒီအဆိုဟာ မှားသွားခဲ့တယ်
ဒီကဗျာထဲမှာ စာအုပ်တွေအကြောင်းကို အနည်းငယ်ထပ်ပြီး ဖြည့်စွပ်ချင်တယ်
လေယာဥ်ပျံမရှိတော့ဘူး လေယာဥ်ပျံက ငါ့ကို ထားသွားပြီ
မသိစိတ်ထဲကို ရထားတစ်စင်းရောက်လာတယ်
အပျော်ဖတ်ဝတ္ထုတွေထဲမှာ ငါ့နာမည် ပါမလာတော့ဘူး
တကယ့်အဖြစ်အပျက်တွေထဲမှာ အိမ်မက်တွေ ရောလာတယ်
ကွမ်းယာနဲ့ ကွမ်းသီးဟာ မကွဲတော့ဘူး
လေယာဥ်ပျံတွေက ငါ့ကို လောင်ချာနဲ့ ထုတယ်
သုံးမိနစ်ပြည့်သွားပြီ
အဆုံးသတ်မှာ ငါဟာ လက်နက်တွေချလိုက်တယ်
သြဂုတ်၊ ၂၀၁၈
ရင်မောင်