ရန်ကုန်မြို့ဟာ ၆ လတိတိ မိုးအုံ့နေတယ်
ရန်ကုန်မှာ ဓါးကောင်းကောင်းတွေလိုအပ်
မြို့မြင်ကွင်းတွေက အုံ့မှိုင်းနေတဲ့ ဖြူအမဲ ဓါတ်ပုံတွေလို
စိတ်ညစ်ညစ်နဲ့ ပင်လယ်ကမ်းခြေကို မြို့နား ဆွဲယူလိုက်တယ်
အမှိုက်ပုံတွေမှာ လောက်တွေ ပိုများလာ
နိုင်ငံတော်သီချင်းအသစ်က death metal ဗားရှင်းနဲ့ ထွက်လာ
90’s kids တွေက ဖမ်မလီဂိမ်းစက်တွေ ဖုန်သုတ်ပြီး
တစ်နေ့လုံး အိမ်တွင်းပုန်း ဂိမ်းဆော့နေကြ
ကွန်ဒုံးကုမ္မဏီတွေက ဖုန်းမကိုင်ကြတော့
ဇော်ဝင်းထွဋ်က ဆိုင်ကယ်ပေါ်ကကို မဆင်းတော့ဘူး ဒီ ၆ လလုံး
ရင်မောင်
ဧပြီ၊ ၂၀၁၈
Happy World ကြီးမီးလောင်ပြီးနောက် ပြုတ်ကျလာသော ခုတ်သာစများ မှ

